ရပ်စောက် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်မြေနေရာတွင် ပေ(၅၀×၃၀×၂၀) မူကြိုကျောင်းဆောက်လုပ်ရန်အတွက် ပန္နက်တော်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ရှမ်းပြည်နယ် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းရွှေမြင့် က မူကြိုကျောင်းဆောက်လုပ်ရန်အတွက် မြေကွက်ချထားမှုအခြေအနေကို ကြည့်ရှုလေ့လာခဲ့သည်။ ဆက်လက်၍ ရွှေနဒီဖြိုး ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူက ပေ(၅၀×၃၀×၂၀) မူကြိုကျောင်းဆောက်လုပ်မည့် ပုံစံကို ချပြရှင်းလင်းပြီး ရှမ်းပြည်နယ် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့် မှ အဆောက်အဦတွင် ထပ်မံဖြည့်စွက်ရန် လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တို့က ပန္နက်ရိုက်နှက်ပြီး အမွှေးနံ့သာရည် ပက်ဖျန်းခြင်းကို ဆောင်ရွက် ခဲ့ကြောင်း၊ ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်(ရုံး) မြေတွင် မူကြို ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှူငွေများ လှူဒါန်းခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)