မိုင်းဖြတ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များကို ကျန်းမာရေးစစ်ဆေးမှု (A)အဆင့်ရှိသောဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဝင်များက ယနေ့ နံနက် ဒုတိယ အကြိမ် ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ၊ ဦးသက်လွင်၊ အတွင်းရေးမှူး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်မျိုးဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် ကော်မတီဝင် များ၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက် ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များကို ကျန်းမာရေးစစ်ဆေးမှု (A)နှင့်အညီ ဖွင့်လှစ် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယခင်က ဆိုင်များကို(Take-away) စနစ်ဖြင့်သာရောင်းချရန် ညွှန်ကြားထားပြီးဖြစ်၍ ယခုအခါ ကျန်းမာရေး စစ်ဆေးမှု (A)အဆင့်ဖြင့်ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် လိုက်နာရမည့်အချက်များမှာ လက်သန့်ဆေးရည်၊ လက်ဆေးကန်များ ထားရှိရန်၊ စားပွဲများတွင် ဆိုင်ထိုင် စားသောက်မည့် လူတစ်ဦးနှင့်တစ်ဦးကြား အကွာအဝေးနှင့် ကာရံထားရမည့် Partitionအား ဆောင်ရွက် ထားရန်၊ ရောင်းချ/ပြင်ဆင် ဝန်ဆောင်မှု ပေးသူများအားလုံး မျက်နှာ ကာနှင့် နှာခေါင်းစည်း တပ်ဆင်ထားရန်နှင့် ဆိုင်အတွင်း/အပြင်၌ Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာ ရေး အသိပေး နှိုးဆောင်ချက် ပိုစတာများ၊ ဆိုင်းဘုတ်များ ကပ်ထား/စိုက်ထူထားရန် စသည့်အချက်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)