တနင်္သာရီ ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြို့နယ်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တုနှင့် လက်လုပ်လက်စား လုပ်ငန်းဆိုင်ရာဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လောင်းလုံး မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက အဖွင့်အမှာစကား ပြောကြား၍ တိုင်းဒေသကြီးသတ္ထုတွင်း ဦးစီးဌာနညွှန်ကြားရေးမှူးက တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ အရပ်ဘက် ကိုယ်စားလှယ် ဦးသန့်ဇင်မှ စဉ်းစားသုံးသပ်သင့်သည့် အချက်များကို ဆွေးနွေးပြီး တက်ရောက် လာသူများမှ ဥပဒေမူကြမ်းများ၏ လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးကြကာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် မြိတ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းမှ နိဂုံးချုပ်စကား ပြောကြားသည်။
အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် ဥပဒေကို စိတ်ပါဝင်စားလေ့လာသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)