လက်နက်ကိုင် ပဋိပက္ခကြောင့် ကျောက်မဲမြို့ပေါ်သို့ ယာယီတိမ်းရှောင်လာသူ တစ်ထောင်ကျော်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်

 

ကျောက်မဲ  ဒီဇင်ဘာ ၁၀

လက်နက်ကိုင် ပဋိပက္ခများကြောင့် ကျောက်မဲမြို့ပေါ်သို့ ယာယီ တိမ်းရှောင်လာကြသည့် ဒေသအတွင်းမှ ပြည်သူ အိမ်ထောင်စု ၂၈၂ စု ၊ လူဦးရေ ၁၄၁၀ ဦးတို့အား  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ  ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမရှေ့တွင် ထောက်ပံ့ငွေများ ထုတ်ပေး ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC အနေဖြင့်   လက်နက်ကိုင် ပဋိပက္ခများကြောင့် မြို့ပေါ်သို့ ယာယီ တိမ်းရှောင်လာသည့်ပြည်သူများထဲမှ အမှန်တကယ်အိမ်ငှားနေထိုင်ရသူများ၊  အမှန်တကယ် ခက်ခဲနေ သူများ အတွက်ကိုဗစ်၁၉ ကာလထောက်ပံ့ငွေအဖြစ် လူတစ်ဦးအတွက် တစ်လလျှင် ငွေကျပ် နှစ်သောင်းခွဲ နှုန်းဖြင့် ၂ လစာ   ၅ သောင်းကျပ်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ICRC မှ လက်နက်ကိုင် ပဋိပက္ခကြောင့်ကျောက်မဲမြို့ပေါ်သို့ ယာယီတိမ်းရှောင်လာသည့် အိမ်ထောင်စု  ၃၀၀ စု ၊ လူဦးရေ ၁၅၉၉ ဦးခန့်ကို စက်တင်ဘာလမှ နိုဝင်ဘာ အထိ ၃ လစာ ထောက်ပံ့ ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထောက်ပံ့ ရန်ကျန်ရှိသည့်သူများ၏ စာရင်းများကို ပြန်လည် ကောက်ယူခဲ့ပြီး ၎င်းတို့အားယနေ့တွင် ထပ်မံထောက် ပံ့ခြင်းဖြစ်ကြောင်း၊ ယခု ထောက်ပံ့မှုသည် နောက်ဆုံးအကြိမ်ထောက်ပံ့ခြင်းပင်ဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် အများဆုံး အိမ်ထောင်စုဝင် ၇ ဦးအထိသာထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ICRC အဖွဲ့မှ မိုင်းအိုက်လော့၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)