ဖားကန့် ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲရှိသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူ အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ပေးလျက်ရှိရာ မြေပြင်အခြေအနေနှင့် ကိုက်ညီမှု မရှိသည့် ထောက်ပံ့ပေးအပ်မှု စာရင်းအစား ပြန်လည်ပြင်ဆင် ဖြည့်စွက်ထားသည့် အခြေခံ အိမ်ထောင်စု စာရင်းကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးများရှေ့ ကြော်ငြာ သင်ပုန်းပေါ် ယမန်နေ့က ကပ်ထားကြေငြာ လျက်ရှိကြောင်း သိရသည်။
ဖားကန့်၌ Stay at Home ကာလကြာရှည်လာသည့်နှင့်အမျှ စားသောက်ရေးခက်ခဲလာသည့် အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်အခါ ရရှိရန် အခြေခံအိမ်ထောင်စုစာရင်းတွင် မိမိတို့ အမည် ပါစေချင်ကြောင်း လာရောက်ကြည့်ရှုသူများက ဆိုသည်။
ဖားကန့်မြို့နယ်၏ နိုင်ငံတော်မှထောက်ပံ့ငွေ ပေးအပ်မှုများအတွက် အငြင်းပွားမှု၊ တိုင်ကြားမှုများအား ဦးဆောင်ဖြေရှင်းရသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က "ခုစာရင်းက နိုင်ငံတော်က ထောက်ပံ့ငွေရတဲ့ မိသားစုရော၊ ခက်ခဲပြီး မရသူတွေရောကို စာရင်းထပ်ပြုစုပြီး အများမြင်သာအောင် ပွင့်လင်းမြင်သာစွာ ချပြတာပေါ့၊ ဒီစာရင်းကို ကျွန်တော်တို့က ပြန်လည် တင်ပြပေးမှာပါ၊ ဒီအတိုင်းရ မရတော့ တပ်အပ်မပြောနိုင်သေးပါဘူး"ဟု ပြောသည်။
ဖားကန့်မြို့နယ်အတွက် နိုင်ငံတော်မှ ထောက်ပံ့မှုလေးကြိမ်ပေးခဲ့ပြီဖြစ်ပြီး လေးကြိမ်လုံးတွင် စာရင်းအရ (၃၂၅၆၁) အိမ်ထောင်စုသာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။
စတုတ္တအကြိမ် နိုင်ငံတော်မှ ထောက်ပံ့မှုတွင် ပြည်သူများမှ တိုင်ကြားစာ (၁၁) စောင် လက်ခံ ရရှိပြီး အရေးယူ ဆောင်ရွက်ထားသည့်အမှု မရှိကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
ဖားကန့်၌ ကိုဗစ်-၁၉ စစ်ဆေးမှုများအရ နိုဝင်ဘာ ၂၁ ရက်နောက်ပိုင်းမှ ယမန်နေ့အထိ (၁၃၆) ဦးရှိနေပြီး ယခင်ပိုးတွေ့ခဲ့သူ (၉၂) ဦးနှင့်ပေါင်းလျှင် (၂၂၈) ဦးထိ ရှိနေပြီဖြစ်သည်။
တာလင်းမောင်(ပြန်/ဆက်)