တပ်ကုန်း ဇန်နဝါရီ ၁၁
နေပြည်တော် တပ်ကုန်းမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဆုနှင်းပွဲနှင့် စာပေဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ ည ၇ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးမောင်ပု (ဉာဏ်လင်း-တပ်ကုန်း)က ဖတ်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာ အသင်းမှ သက်ကြီးစာပေပညာရှင် (၃)ဦးအား မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များက ဂါဝရပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ၂၀၁၆ခုနှစ်၊ ပခုက္ကူဦးအုန်းဖေ စာပေဆု ပြိုင်ပွဲတွင် ကဗျာပေါင်းချုပ်-ဒုတိယဆု၊ ၂၀၁၇ခုနှစ်၊ စာပေဗိမာန်စာမူ ဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ-တတိယဆု၊ ၂၀၁၈ခုနှစ်၊ စာပေဗိမာန်စာမူဆု ပြိုင်ပွဲတွင် ပြဇာတ်စာပေ-တတိယဆု ရရှိထားသည့် စာရေးဆရာ တင်မျိုးဝင်း (မောင်လွယ်အိတ်)အား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်၍ လည်းကောင်း၊ စာဆိုတော်နေ့ အထိမ်းအမှတ်ဖြစ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရရှိသူ အမည်စာရင်းများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် တာဝန်ရှိသူများက ဖွင့်ဖောက်ကြေညာပြီး ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် စာရေးဆရာမောင်ငြိမ်းသူ (ကြို့ပင်ကောက်)က “စကားလက်ဆောင် စာလက်ဆောင်”၊ စာရေးဆရာ ဝေလွင်မောင်က “ရေးသည့်စာပြောသည့်စကား”၊ စာရေးဆရာမ ဆွေဇင်ထိုက် (ရုပ်ရှင် သရုပ်ဆောင်) က “ပြောင်းလဲခြင်း အလွန်”ခေါင်းစဉ် တို့ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
တင်စိုးလွင်