သာစည် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း စိုက်ပျိုးထားသောမိုးစပါး တစ်ဧက ပျမ်းမျှအထွက်နှုန်း သိရှိနိုင်ရန် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကန်သစ်ကျေးရွာ ကွင်းအမှတ် ၁၈၄၇၊ဦးပိုင်အမှတ် ၄၈က/၂ တောင်သူ ဦးကျောက်ခဲ၏ မနောသုခ(RS) မိုးစပါး အကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
စံကွက်ရိတ်သိမ်းရာတွင် တောင်သူဦးကျောက်ခဲ၏ စိုက်ဧက ၂.၀၀ မှ ၀.၁၀ ဧကကိုစံကွက်အဖြစ်သတ်မှတ် ပြီး ရိတ်သိမ်းခဲ့ရာ တစ်ဧကလျင် စပါးအစိုတင်း ၁၁၀ ထွက်ရှိကြောင်းသိရသည်။ အဆိုပါအကွက်မှာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော မနောသုခမျိုးစေ့ထုတ် တောင်သူ နည်းပညာပေး စံပြကွက်ဖြစ်ကြောင်းသိရပြီး တောင်သူမှတောင်သူထံ မျိုးကောင်းမျိုးသန့်အဖြစ် ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဒေါ်မိုးမိုးငွေထံကသိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းမောင်နှင့်ဌာန ဆိုင်ရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)