ကြံခင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၏၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါရောင်းချ

ကြံခင်း   ဒီဇင်ဘာလ  ၁၁

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက်ငွေလုံး ငွေရင်းလုပ်ငန်းတင်ဒါ ရောင်းချမှု အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်းက လုပ်ငန်းများကို ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြဖို့ ပြောကြားပြီး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်မှ တင်ဒါ အောင်မြင်သော ကုမ္ပဏီများမှ အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက် ပေးစေလို ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်မှ လုပ်ငန်းဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ် စည်ပင် သာယာရေး လက်ထောက် အင်ဂျင်နီယာ ဦးကျော်မြင့်နိုင် က လုပ်ငန်းစည်းမျဉ်း စည်းကမ်း များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ငွေလုံးငွေရင်း လုပ်ငန်းများ တင်ဒါရောင်းချမှု စတင်ရာ lot - (၆) ခုအား ကုမ္ပဏီ(၁၁)ခု ကဝင်ရောက် ယှဉ်ပြိုင်ကြရာ ကုမ္ပဏီ(၅)ခုမှ ငွေကျပ်(၂၂၀.၉၈) သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင် အရာရှိ ဦးဌေးမြင့်အောင်၊ လက်ထောက်အင်ဂျင်နီယာ ဦးကျော်မြင့်နိုင်နှင့် လုပ်ငန်းကုမ္ပဏီ အဖွဲ့များ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

 မိုးမိုး(ပြန်/ဆက်)