ရွာငံ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကလေးဖွားသေနှုန်းများခြင်း၊ ပုညက်မှုနှုန်း ၄% အဆင့်တွင် ရှိခြင်းကြောင့် ရှေးဦးကလေးဘဝဖြစ်သည့် ကိုယ်ဝန်ဆောင် ကာလ(၉)လနှင့် ကလေးမွေးဖွားပြီးအသက်(၂)နှစ်ထိ အဟာရပြည့်ဝစွာ ရရှိရေးအတွက် တစ်လလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသည်။
ရွာငံမြို့နယ်အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ် အောက် ကလေးငယ်များ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်တွင် ၂၀၂၀ ပြည့်နှစ် ဧပြီလ(၁)ရက်နေ့ မှစပြီး ရွာငံမြို့ပေါ် (၃)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၂၈) အုပ်စုမှ (၁၃၀)ရွာအတွင်းရှိ ကိုယ်ဝန်သည်ပေါင်း (၆၈၈) ဦး ၊ ကလေး(၃၄၉) ဦးတို့အားထောက်ပံ့ငွေကျပ် (၉၁၁၅၅၀၀၀) ကျပ်အား (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွင်းထောက်ပံ့ပေးအပ်ပြီးဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားသူများမှာယခင်လများထက် ပိုမိုစာရင်း ပေးသွင်း လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို၂၀၂၁ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေကြေးထောက်ပံ့ရာတွင်အကျိုး ခံစားခွင့်ရှိသူများ ကိုKBZ bank နှင့်ချိတ်ဆက်၍လည်းကောင်း၊ တိုက်ရိုက်ငွေကြေးပေးအပ်ရာတွင် ဖုန်းနံပါတ်ဖြင့် လည်းကောင်းစာရင်းပေးသွင်းသူ၊ အကျိုးခံစားခွင့် ရရှိသူများအား ဖုန်းမက်ဆေ့ ပေးပို့ပြီးငွေကြေးရရှိခံစားစေသည်။ ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲသော နေရာဒေသများအား အိမ်အရောက်ပေးအပ်ခဲ့ကြကြောင်း ရွာငံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ထားထားစိုးထံမှ သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)