လွိုင်ကော်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော် ဒီဇင်ဘာ ၁၁

၂၀၂၀- ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွက် သတ်မှတ် လျာထားသော ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀) ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူက ပြည်နယ် အတွက် အကျိုးပြုမည့် လုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပူးပေါင်း ပါ၀င်စေလိုကြောင်း၊ လွိုင်ကော်မြို့နယ်အတွက် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀) ဖြင့် ရပ်ကွက်တစ်ခုတွင် လုပ်ငန်းတစ်ခုစီ မျှတစွာလုပ်ကိုင်နိုင်ရန် လုပ်ငန်းများကို သေချာစိစစ် လုပ်ကိုင်စေလိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်၀င်းက ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ရပ်ရွာလူထုများ ပူးပေါင်းပါ၀င်ဆောင်ရွက် စေလိုကြောင်းနှင့်  အမှန်တကယ် ဦးစားပေးရမည့် လုပ်ငန်းများကို ရွေးချယ် လုပ်ကိုင်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ရပ်ကွက်/ကျေးရွာအုပ်စု (၂၅) ခု တွင် ကွန်ကရစ်လမ်းခင်းခြင်း၊ သံကူကွန်ကရစ်တံတား ဆောက်လုပ်ခြင်း၊ တံတား Box Culvert ဆောက်လုပ်ခြင်း၊ မြေသားလမ်းမှ ကျောက်ချောလမ်းခင်းခြင်း၊ ကျောက်ချောလမ်းမှ ကတ္တရာ လမ်းခင်းခြင်း၊ အုပ်ချုပ်ရေးမှူးရုံး ခြံစည်းရိုးကာရံခြင်း၊ ကျောင်းခြံစည်းရိုးကာရံခြင်း၊ စာကြည့်တိုက်နှင့် စားပွဲတင်တင်းနစ်အခန်း တည်ဆောက်ခြင်းနှင့် ကျေးရွာခန်းမဆောင် ဆောက်လုပ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)