မိုးမိတ်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်

မိုးမိတ်  ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက မိုးမိတ်မြို့နယ်ရှိ ကလေးသူငယ်များ အခွင့်အလမ်းရရှိစေရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ခရိုင်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ကလေးသူငယ် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေများနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးတို့အတွက် အားကစားနည်းများအလိုက် သင်တန်းများ ဖွင့်လှစ် ပို့ချနိုင်ရေး၊ ခိုကိုးရာမဲ့နေသော ကလေးသူငယ်များ ကူညီထောက်ပံ့ပေးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်သွားကြရမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ခရိုင်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်သူဇာသန်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဖြစ်ပေါ်လာပုံနှင့်  ကလေး သူငယ်များ၏ အခွင့်အရေး (၄)ရပ် ဖြစ်သည့် အသက်ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ ကာကွယ် စောင့်ရှောက်ခွင့် ၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် အကြောင်းများနှင့် Covid-19 ကာလအတွင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ပူးပေါင်း၍ ရပ်ရွာအခြေပြု အသိပညာပေး ဆောင်ရွက်ခြင်းများကို အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးခြင်း၊ ကလေးသူငယ်များအား ကူညီ ထောက်ပံ့ပေးနေမှု အခြေအနေများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  ခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များကလည်း ကလေးသူငယ်အခွင့်အရေးဆိုင်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။  

မိုးမိတ်သား (စည်သူဌေး)