ဒေးဒရဲမြို့၌ ဟင်းခတ်အချိုမှုန့်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ဒေးဒရဲ  ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားများအား အလွယ်တကူ သိရှိနိုင်စေရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ စည်ပင်သာယာ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ကုန်ခြောက်ဆိုင်များရှိ ဟင်းခတ် အချိုမှုန့်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ  ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်၊ မြို့မဈေးကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စည်ပင်သာယာ မြို့မဈေးအတွင်း ကုန်ခြောက်ဆိုင်များတွင် ရောင်းချလျက်ရှိသည့် (Ajinomoto) ဟင်းခတ်အချိုမှုန့်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု မရှိသည့် ဟင်းခတ် အချိုမှုန့်များအား ရောင်းချခြင်းမပြုရန်နှင့် ဈေးရောင်းချသူများအနေဖြင့် ကုန်အညွှန်းအမှတ် အသား ပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြစေရေး ပူးပေါင်းစစ်ဆေးသည့်အဖွဲ့က အသိပညာပေး ပြောကြားခဲ့ကြ ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)