ဖားကန့် ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ ကြိုးတုပ်လျက် ရေအိုင်ထဲ သေဆုံးနေသည့် အမျိုးသားအလောင်းအား ယနေ့နံနက် ၁၀ ခွဲခန့်က တွေ့ခဲ့ရကြောင်း ဆိပ်မူနယ်မြေရဲစခန်းက သိရသည်။
"သေဆုံးနေသူက ဝှေခါ တပ်ကုန်း ရပ်ကွက်(၄)မှာ နေသူပါ၊ သူများအိမ်မှာ ရေမဆေးနေပြီး ကျောက်ရှာသူပေါ့၊ အိမ်ကပျောက်တာ ငါးရက်လောက်ရှိပြီလို့ သိရတယ်"ဟု ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းက ပြောသည်။
သေဆုံးသူမှာ စုန်ဒွဲအောင် (၃၈) နှစ်ခန့်၊ ယခင် တနိုင်းမြို့နေသူဖြစ်ပြီး သေဆုံးလျက် တွေ့ရချိန်တွင် မျက်နှာတွင် ဖူးယောင်ဒဏ်ရာများနှင့် လက်နှစ်ဖက်အား အဖြူရောင် နိုင်လွန်ကြိုးဖြင့် ချည်လျက်တွေ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
လက်ရှိဖြစ်စဉ်အပေါ် ဆိပ်မူနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပြီး တရားခံအား ဖော်ထုတ်နိုင်သေးခြင်းမရှိကြောင်း နယ်မြေခံရဲစခန်းမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)