ပန်းဈေးအသစ် တည်ဆောက်မှုပြီးစီး၍ လာမည့်ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်

မန္တလေး ဇန်နဝါရီ ၁၁

ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆ မှုများကင်းဝေးစေရန် မန္တလေး-ပြင်ဦးလွင် ကားလမ်းနှင့် တန်ဖိုးမျှတအိမ်ရာ အဝင်လမ်းဘေး သန့်စင်ကုန်း ကျေးရွာအနီးတွင် ပန်းဈေးအသစ်အား ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်မှုပြီးစီး၍ လာမည့်ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ပန်းဈေးသစ်ကို မြေဧက ၂ဒသမ ၁၉ ဧကပေါ်တွင် ပန်းဈေးအဆောင် ငါးဆောင်နှင့် စက်ရေတွင်း၊ ရေ​လှောင်ကန်၊ ရေစင်၊ ခြောက်ခန်းတွဲ အများသုံးသန့်စင်ခန်းများနှင့် ဈေးရုံးခန်းများ ပါဝင်ပြီး ပန်းဈေး အဆောင် တစ်ဆောင်လျှင် ဆယ်ပေပတ်လည် အခန်း(၂၄)ခန်း ပါဝင်ကာ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေး-ပြင်ဦးလွင် ကားလမ်းမှ ပန်းဈေးအသစ် အဝင်ပေါက်အထိ မူလမြေသားလမ်းမှ ကွန်ကရစ်လမ်း ခင်းခြင်းများအား ဆောင်ရွက်ထားခြင်းကြောင့် ပန်းဈေးအသစ်သို့ လွယ်ကူချောမွေ့စွာ ဝင်/ထွက် သွားလာကြောင်း သိရသည်။

‘‘ပန်းဈေးဆိုင်ခန်းများကို အပြတ်ရောင်းချပေးမှာမဟုတ်ဘဲ လခနဲ့လစဉ် ပေးသွင်းရမှာပါ၊ လက်ရှိပန်းဈေးတွင် ရောင်းချနေသည့် ဈေးသည် (၁၁၂) ဦးကို နေရာချပေးသွားမှာပါ’’ ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)