ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ကုသရန်နေရာများ ပြင်ဆင် ဆောင်ရွက်

ပြင်ဦးလွင် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင် ကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့ Positive လူနာများထားရှိ ကုသရန် နေရာတစ်ခု ထပ်မံပြင်ဆင်ဆောင်ရွက်နေ ကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဇီးပင်ကြီး Quarantine Centre ရှိ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဗဟိုဝန်ထမ်း တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ပူးပါင်းကာ ဗဟိုဝန်ထမ်းတက္ကသိုလ် Facility Quarantine  Centre ရှိ ငုဝါဆောင်တွင် ကိုဗစ်-၁၉ ပိုးတွေ့ Positive လူနာ ၉၀ ဦးဆန့် ထားရှိကုသရာ နေရာ အဖြစ် ပြင်ဆင်‌ဆောင်ရွက်လျက်ရှိရာ ရေ၊ မီး၊ အသုံးအဆောင်နှင့် လိုအပ်သည်များ ပြင်ဆင်ဆောင် ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် Facility Quarantine ဝင်ရောက် နေသည့် ပြင်ဦးလွင်မြို့ခံများအတွက် စားသောက်ဖွယ်ရာ မုန့်များပေးအပ်ခဲ့ပြီး ၂၃ မိုင် စစ် ဆေးရေးဂိတ်သို့ သွားရောက်၍ ဂိတ်တာဝန်ရှိသူထံဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များအား ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး၊ ဝက်ဝံဆေးရုံ၊ ဇီးပင်ကြီးကုတင်၅၀ဆံ့ ဆေးရုံတို့တွင်လည်း စနစ်တကျကုသမှုပေးလျက်ရှိကြောင်း သိရသည်။

မြတ်ဆုမွန်