မလှိုင် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာအုပ်စု၊ ဖျောက်ဆိပ်ကုန်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ခြင်းနှင့် ချယ်ရီ ကျောင်းဆောင် သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲက အဆိုပါကျောင်း ဆောင်သစ် ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
မင်္ဂလာအချိန်တွင် ကျောင်းဆောင်သစ်ကို မန္တလေးတိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးအောင်ကြည်၊ မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးချစ်မင်းသိန်းနှင့် ဒေါ်သီတာငြိမ်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည် ။
ယင်းနောက် အ.ထ.က (ခွဲ) ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးဦးအောင်ကြည်က အမှာစကားပြောကြားပြီး ကျေးရွာလူထု ကိုယ်စား ဦးဉာဏ်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူ တစ်ဦးက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက် စာတမ်းများကို မြို့နယ် တာဝန်ခံပညာရေးမှူး ဦးသိန်းအောင်ထံ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဌေးအောင်ကျော်က ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အလံကို တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်ဖြစ်သူ တိုင်းအစိုးရအဖွဲ့ ဝန်ကြီး ဦးဇာနည်အောင်ထံ ပေးအပ်ခဲ့သည်။ ယနေ့ ဖွင့်လှစ်ခဲ့သော ချယ်ရီကျောင်းဆောင်သစ်မှာ အလျား(၁၂ဝ)ပေ၊ အနံ(၃၀)ပေရှိပြီးကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)