မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်ရှိ သီရိမာလာဈေးအား ယနေ့မှစ၍ တစ်ပတ်ကြာ ယာယီပိတ်ထားမည်

မန္တလေး ဒီဇင်ဘာ ၁၂

မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်ရှိ သီရိမာလာဈေးအား ယနေ့မှစ၍ တစ်ပတ်ကြာ ယာယီပိတ် ထားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဈေးနှင့် သားသတ်ဌာနလက်အောက်ရှိ သီရိမာလာဈေးတွင် ဒီဇင်ဘာ ၈ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသည့်လူနာ(၅၉)ဦးရှိပြီး Facility Quarantine ဝင်ရောက်ရသူ(၁၀၆)ဦးထိ ရှိလာခြင်း တို့ကြောင့် ကိုဗစ်- ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ သီရိမာလာဈေးနှင့် ဈေးဝန်းကျင်ရှိဈေးဆိုင်များနှင့် ပွဲရုံများအား ဒီဇင်ဘာ ၁၂ ရက်နေ့မှ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ တစ်ပတ်ကြာ ခေတ္တယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အောင်မြေ သာစံ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုးထံမှ သိရသည်။

အဆိုပါဈေးယာယီပိတ်သိမ်းထားမှုအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစီး၍ စျေးနှင့်သားသတ်ဌာနမှ ဦးစီးအရာရှိ၊ အောင်မြေသာစံမြို့နယ်အခွန်ဌာနမှ ကျူးရှင်းလင်းရေးအဖွဲ့၊ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ သီရိမာလာငါးစျေးအဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သီရိမာလာဈေးအတွင်းနှင့် အပြင်ဘက် တန်း များတွင် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချမှုများ မရှိစေရေး ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)