ပြင်ဦးလွင် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် Stay Home ဝင်ရောက်နေသူများအတွက် အခြေခံစားသောက်ကုန်များ ဒုတိယအကြိမ်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
အခြေခံစားသောက်ကုန်များထောက်ပံ့ ပေးအပ်ခြင်းနှင့်ပတ်သက်ပြီး မြို့နယ် COVID-19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်မောင်က ယခုလို Stay Home ဝင်ရောက်နေသူ အိမ်ထောင်စု များအတွက် အခြေခံ စားသောက်ကုန်များထောက်ပံ့ ပေးအပ်ခြင်းမှာ ဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ အခုလို ထောက်ပံ့ပေးခြင်းသည် မြို့နယ် ကိုဗစ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့မှ ထောက်ပံ့ပေးတာ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် Stay Home ဝင် ရောက်နေသူများအတွက် ထပ်မံထောက်ပံ့ပေးနိုင်ရန်လည်း ကြိုးစားဆောင်ရွက်နေပါကြောင်း ပြောကြားပြီး မြို့နယ် ကိုဗစ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ဥက္ကဋ္ဌ ဦးမျိုးအောင်က သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ အခြေခံစားသောက် ကုန်များ ပေးအပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်းမှ ရပ်ကွက်/ ကျေးရွာအသီးသီးရှိ Stay Home ဝင်ရောက်နေသူ အိမ်ထောင်စု ၃၃၆ စုအတွက် တစ်အိမ်ထောင်လျှင် အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန် ၆ ပြည် တစ်အိတ်နှင့် ယမ်ယမ်ခေါက်ဆွဲခြောက် ၁၀ ထုပ်စီ ကို ဒုတိယအကြိမ်ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သိန်းသန်း(ပြန်ဆက်)