သီပေါ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်း ဦးဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်သော ဘောလုံး အခြေပြုရပ်ရွာလူထုဖြစ်စေရန်နှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းက ကျေးရွာများရှိ ဘောလုံး ဝါသနာရှင်ပြည်သူများအနေဖြင့် ကိုဗစ်−၁၉ ကာလအတွင်း ဘေးဒုက္ခအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု ရှိရန်လိုအပ်ပါကြောင်း၊ ခံနိုင်ရည်နှင့် ကြံ့ကြံ့ခံနိုင်ခြင်းသည် လူ့အရည်အချင်း တန်ဖိုးတစ်ခုဖြစ်ပါကြောင်း၊ ကျေးရွာအတွင်း ဘောလုံးအားကစား ပြုလုပ်ပါက ခင်မင်ရင်းနှီးမှုကိုပြသ၍ ကြမ်းတမ်းစွာကစားခြင်းကို ရှောင်ကျဉ်ရမှာဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို အတိအကျ လိုက်နာရန် လိုအပ်ကြောင်းကို အသိပညာ ပေးပြောကြားခဲ့သည်။
ဆက်လက်၍ ကိုဗစ်−၁၉ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းများနှင့် လမ်းညွှန်ချက်များ ကို သိရှိလိုက်နာကြစေရန် အသိပညာပေး ဟောပြောခဲ့ပြီးနောက် ကိုဗစ်−၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ၊ မျှမျှတတဆောင်ရွက်ခြင်း (Fair Play)နှင့် ကိုဗစ်ကပ်ရောဂါ အသိပညာပေး လက်ကမ်း စာစောင်များ၊ နှာခေါင်းစည်း (Mask)များနှင့် Hand Gelများ ဖြန့်ဝေပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့်ကို သရုပ်ပြသခဲ့နောက် ပြသထားသော နံရံကပ် စာစောင်များအား တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို သီပေါမြို့နယ် ပန်မိတ်ကျေးရွာအုပ်စု ပန်မိတ်၊ ပန်ညု၊ ခိုင်းဆင်၊ နားမွန်း၊ နမ့်ပျဉ်နှင့် ကောင်းလန်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ-ပြန်/ဆက်)