ရွှေကူ ဒီဇင်ဘာ ၁၂
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ် (၅၅) စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၀၈) ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်မှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ဖြစ်သော မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာ နေထိုင်သူ အမျိုးသား(၂)ဦးနှင့် ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် ဗန်းမော်မြို့ ခွန်သာရပ်ကွက်၊ ကံဦးကျောင်းအနီးတွင် နေထိုင်သောအမျိုးသား(၁)ဦးထံတွင် လည်းကောင်း၊ ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ရွှေကူမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားရှိသူ(၁၄)ဦးအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲနမူနာရယူ၍ မန္တလေးအမျိုးသား ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာမှ အမှတ်(၇)ရပ်ကွက်၊ ရေစကြိုမြို့ နေထိုင်သူအမျိုးသား(၁)ဦး၏ ဓာတ်ခွဲနမူနာတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၄) ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီး ဌာနပိုင် ဝန်ထမ်းအိမ်ရာတိုက်ခန်း (ယာယီဆေးကုသဆောင်) သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ၎င်းပိုးတွေ့လူနာများနှင့်အတူဆက်စပ်မှု ရှိသောသူများအား ရွှေကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။
ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit) ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၃၄)ဦး ရှိပြီ ဖြစ်ကြောင်း၊ (၂၀)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)