ဖားကန့် ဒီဇင်ဘာ ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လူဦးရေ(၇၇၀၀၀)ကျော် နေထိုင်နေသည့် လုံးခင်းကျေးရွာအုပ်စုကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြား နေသည့်အတွက် ဒေသတွင်းကူးစက်မှုများမှ ကာကွယ်နိုင်ရန် ဒီဇင်ဘာလ ၁၃ ရက် ညနေ(၆)နာရီမှစတင်ပြီး အဝင်အထွက်ကန့်သတ်သည့် နေရာ အဖြစ် ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
လုံးခင်းကျေးရွာအုပ်စုအတွင်း ဓါတ်ခွဲအတည်ပြုလူနာ များပြားလာခြင်း၊ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့သူ များပြားနေခြင်းတို့ကြောင့် အဝင်အထွက် ကန့်သတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။
ထို့အပြင် လုံးခင်းကျေးရွာအုပ်စုအတွင်းမှ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ အခြားနေရာမှ ပြည်သူများကလည်း အဆိုပါ ကျေးရွာအုပ်စုအတွင်း ဝင်ရောက်ခြင်းမပြုရန်၊ ကျန်းမာရေး ကိစ္စများနှင့် ဈေးဝယ်ယူခြင်း ကိစ္စများအား အသွားအလာ ကန့်သတ်နေရာရှိ တာဝန်ကျသူများနှင့် ဆက်သွယ် ဆောင်ရွက်ရန်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဉပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပါရှိသည်။
အဝင်အထွက်ကန့်သတ်မည့် လုံးခင်းကျေးရွာအုပ်စုတွင် ရပ်ကွက်(၅)ခု၊ ကျေးရွာကြီး(၂၃)ရွာရှိပြီး လူဦးရေ (၇၇၀၀၀)ကျော်နေထိုင်ကြောင်း လုံးခင်း ကျေးရွာ အုပ်ချုပ်ရေးရုံးမှ သိရသည်။
ဖားကန့်မြို့နယ်၌ ယမန်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့သူ (၂၅၀)ဦးတွင် ဆေးရုံဆင်းခွင့်ရသူ(၁၃၇)ရှိပြီး၊ အဝင်အထွက် အသွားအလာ ကန့်သတ်တော့မည့် လုံးခင်းကျေးရွာအုပ်စုမှ ပိုးတွေ့အတည်ပြုသူ (၁၂၉)ဦး ထိရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)