ညောင်ဦး ဒီဇင်ဘာ ၁၃
ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီ(DMO)အဖွဲ့အနေဖြင့် ခရီးစဉ်ဒေသသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး နယ်မြေကွင်းဆင်းမှုများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ပလင်းကမ်းသာယာ ဆင်စခန်းသို့ DMO အဖွဲ့ဝင်များ မြေပြင် ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းမကြီးမြောက်ဘက်၊ ညောင်ဦးမြို့ မှ ၅ မိုင် ၅ ဖာလုံ၊ လမ်းမကြီးမှ ၂ ဖာလုံခန့်အကွာ ဧရာဝတီမြစ်ကမ်းနဘေးတွင်တည်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အပန်းဖြေသွားရောက်လည်ပတ်သင့်သည့် ဆင်စခန်းတစ်ခု ဖြစ်သည်။
DMO ကော်မတီဝင်များသည် ပလင်းကမ်းသာယာဆင်စခန်း၏ သဘာဝအလှအပများ၊ ဆင်စခန်း အခြေပြု ခရီးသွား လုပ်ငန်းဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်နှင့် ဆင်စခန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသ ဖော်ဆောင်ရန် ချိတ်ဆက်ဆောင်ရွက် ပေးနိုင်မည့် နည်းလမ်းများ သိရှိနိုင်ရန်ရည်ရွယ်ကာ ဆင်စခန်း ဆောင်ရွက် လည်ပတ်နေမှုများ၊ ဆင်စခန်းတွင်းဝန်ဆောင်မှုများ၊ ဆင်စခန်း ဝင်ကြေး/ ဆင်စီးခ နှုန်းထားများ၊ လေညှင်းခံ ရှုခင်းကြည့်တံတား၊ ဆင်စီးလမ်းကြောင်း၊ မော်တော်စီးလမ်းကြောင်း၊ နားနေအပန်းဖြေ နေရာများ၊ ဆင်ပြတိုက်၊ ဥတေနနတ်နန်း၊ မြက်ခင်းပြင် ပန်းဥယျာဉ်၊ ကလေးကစားကွင်းနေရာများအား ကွင်ဆင်းလေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်း၌ ဆင်နှင့်ပတ်သက်သည့် ဗဟုသုတများ တစ်နေရာတည်းတွင် စုံစုံလင်လင် လေ့လာနိုင်သည့် ဆင်ပြတိုက်၊ သဘာဝတောလမ်းအတိုင်းဆင်စီးခြင်း၊ မြစ်ကမ်းဘေးရှိ ထန်းရွက်တဲများတွင် အပန်းဖြေရင်း ဧရာဝတီမြစ်နှင့်သဘာဝအလှတရားများ ခံစားနိုင် ခြင်းတို့ကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များအကြား အချိန်တိုအတွင်းစိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာလအလွန် လာရောက် လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ အပန်းဖြေအနားယူ နိုင်မည့်နေရာများ ထပ်မံဖန်တီး ဆောင်ရွက် ထားကြောင်း၊ ဆင်စာဘူဖေးများကို ၃၀၀၀၀ကျပ်၊ ၅၀၀၀၀ကျပ်နှင့် ၁၀၀၀၀၀ကျပ်ဖြင့် မိမိကိုယ်တိုင် သော်လည်းကောင်း၊ အဝေးမှငွေလွှဲ၍ သော် လည်းကောင်း ဆင်စာအာဟာရဒါနပြုနိုင်ကြောင်း ဆင်စခန်း တာဝန်ခံ လက်ထောက် မန်နေဂျာ ဦးမျိုးမင်းကိုထံမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပုဂံဌာန(ခွဲ)တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်တို့ဦးဆောင်သည့် တာဝန်ရှိသူများ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (ပုဂံဇုန်)၊ Bagan Palastic Campaign အဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)