မန္တလေး ဇန်နဝါရီ ၁၁
(၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲအတွက် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀နာရီခွဲက မန္တလေးကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ် အတွင်း ကျင်းပသည်။
“ သစ်သီးဝလံပန်းမန်ပြပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေက ၉၀ရာခိုင်နှုန်းလောက် ပြီးနေပြီ ဖြစ်ပါတယ်။ ဒီပြပွဲ ပြိုင်ပွဲအတွက် လွန်ခဲ့တဲ့ ၄လလောက်ကစပြီး ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ အပင်စုစုပေါင်း Ground Cover အပင်နဲ့ ရာသီပန်းအမျိုးမျိုး အားလုံးစုစုပေါင်း ၂သိန်းခွဲကျော်လောက်ထိ စိုက်ပျိုးထားပါတယ်။ အရင်နှစ်တွေ တုန်းက ပြင်ဦးလွင်ကတွေ အပင်တွေမှာပြီး အဆင်သင့်ခင်းကျင်းပြသတာပါ။ မနှစ်ကစပြီး ပန်းမျိုးတွေ အားလုံးကို ဒီကန်တော်ကြီးအတွင်းမှာ စိုက်ပျိုးပြီး ခင်းကျင်းပြသတာဖြစ်ပါတယ်။ ဒါကြောင့် ပန်းအရေ အတွက်လည်း အရင်ကထက် ၁၀ ဆလောက်ထိ ပိုပြီးခင်းကျင်း ပြသနိုင်တာ ဖြစ်ပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းဌာန ဌာနခွဲမှူး ဒေါ်မိုးမိုးသန်းက ပြောသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲကိုဇန်နဝါရီလ ၁၆ရက်မှ ၂၀ရက်နေ့ထိ ၅ရက် ကျင်းပသွား မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပစ္စည်းတွေကိုလည်း ဇန်နဝါရီလ ၁၄ရက် နံနက် ၉ နာရီမှ ည ၉ နာရီထိ လက်ခံမည်ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဒိုင်အဖွဲ့မှ အကဲဖြတ် အမှတ်ပေးပြီး ညနေပိုင်းတွင် ဆုရရှိတဲ့ စာရင်းတွေ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် ဇန်နဝါရီလ ၁၆ရက်နေ့ နံနက် ၉နာရီတွင် ဖွင့်ပွဲအခမ်းနားကျင်းပပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
“အထူးအစီစဉ် တစ်ခုအနေဖြင့် ပြပွဲလာကြတဲ့သူတွေကို ပျိုးပင်လေးတွေ လက်ဆောင်ပေးပါ့မယ်။ ပြည်သူတွေ စိုက်ပျိုးရေးကို စိတ်ဝင်စားလာပြီး သစ်ပင်ပန်းပင်များ ပိုမိုစိုက်ပျိုးလာတတ်တဲ့ပျိုးပင်တွေ အလေ့အကျင့် ကောင်းတွေ ရရှိစေရန် ရည်ရွယ်ချက်ကို အကောင်ထည်ဖော် တာဖြစ်ပါတယ်။ ” ဟု မန္တလေးတိုင်းဒေသကြီး ပျိုးဥယျာဉ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ အုန်းမြင့်က ပြောသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲသို့ လာရောက်ကြည့်ရှုသူ တစ်ဦးလျှင် ပျိုးပင်တစ်ပင်ကျ ရွေးချယ် ယူခွင့်ရှိပြီး ပျိုးပင် ၂သောင်းကျော်တွင် စိန်တလုံးပင်၊ သံပုရာပင် စသည့် သီးပင်စားပင် များ၊ နှင်းဆီပင်၊သပြေပင် စသည့် ပန်းအလှပင်များနှင့် အရိပ်ရပင်များ ပါဝင်ကြောင်း သိရသည်။
" ဌာနဆိုင်ရာ ပညာပေးပြခန်း ၁၁ခန်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်၊ ဝါသနာရှင်များ၏ ပြခန်း ၇ခန်း စုစုပေါင်း ပညာပေးပြခန်း ၁၈ခန်း ပြသသွားမှာ ဖြစ်ပါတယ်။ အရည်သွေးပြည့်ဝတဲ့ သစ်သီးဝလံနဲ့ ပန်းမန်တွေ ဆုရရှိနိုင်ရေးအတွက် မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ဒိုင်အဖွဲ့ ၈ဖွဲ့နဲ့ ဒိုင်ချုပ်အဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒီအဖွဲ့တွေထဲမှာ အဖွဲ့ဝင်တွေကရေးဦးစီးဌာန၊ မြို့တော်စည်ပင်၊ မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာန၊ ပျိုးဥယျာဉ်လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်းက အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒိုင်အဖွဲ့ ၈ဖွဲ့က အကဲဖြတ်အမှတ်ပေးမယ်။ ဒိုင်ချုပ်အဖွဲ့က စီစစ်ပြီး ဆုရရှိမယ့် ပြိုင်ပွဲဝင်ပစ္စည်း တွေကို ရွေးခြယ်သွားမှာ ဖြစ်ပါတယ်။ " ဟု စိုက်ပျိုးစိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာသန်းက ပြောသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပြိုင်ပွဲ ၁၂မျိုးနှင့် ပန်းမန် ပြိုင်ပွဲ ၁၁မျိုး ပြိုင်ပွဲစုစုပေါင်း ၂၃မျိုးပါရှိပြီး ပြိုင်ပွဲ တစ်ခုချင်းစီအတွက် ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု (၃) ဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ LED မီးလျှောက်လမ်းများ၊ ပန်းများဖြင့် ပုံသွင်းပုံဖော် အလှဆင်မှုများ၊ မြေယာအလှရှုခင်းများ၊ ပန်းအလှရှုခင်းများ၊ တီးဝိုင်း ၅ ဖွဲ့၏ သီဆိုဖျော်ဖြေမှုများနှင့် အခြားစိတ်ဝင်စားဖွယ် အစီစဉ် များလည်း ထည့်သွင်းထားကြောင်း သိရှိရသည်။
တင်ဇာလှိုင်