ကျောက်ဆည် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကုလကျေးရွာတွင် ဘူးပင်များတစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စားဝတ် နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘူးပင်များ စိုက်ပျိုးမည်ဆိုပါက ထယ်ရေးညက်ညက်တွင် သဘာဝမြေဩဇာဖြစ်သည့် နွားချေးနှင့် မြေအားပြုပြင်ထားပြီး တစ်ပင်နှင့်တစ်ပင် (၃)ပေ၊ တစ်တန်းနှင့်တစ်တန်း (၁၈)ပေခြားကာ စိုက်ပျိုးမှသာ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကောင်းစွာရရှိ၍ အထွက်နှုန်းကောင်း ကြောင်း သိရသည်။
ဘူးပင်များစိုက်ပျိုးမည်ဆိုပါက အသေအပျောက်မရှိစေရန်အတွက် အစေ့များအား အညှောက်ဖောက် ပြီးမှသာ စိုက်ပျိုးရကြောင်း ဘူးတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်အရေအတွက် (၁)ထောင်ခန့် ဝင်ဆန့်ကြောင်း၊ စတင် စိုက်ပျိုးပြီး (၄၅)ရက်တွင် ဘူးသီးများ စတင်ခူးဆွတ် ရောင်းချ ရကြောင်း၊ ရောင်းဈေးအနေဖြင့် ဘူးသီးတစ်လုံးအား ငွေကျပ်(၃၀၀)ရာမှ (၅၀၀)ကျပ်အထိ အမျိုးမျိုးရှိပြီး (၂)လခန့် အထိ ခူးဆွတ် ရောင်းချ ရကြောင်း သိရသည်။
ဘူးပင်သည့် ရေကြိုက်နှစ်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် မြေအစိုဓာတ်ရှိစေရေး ရေတင် ပေးခြင်းများ ပြုလုပ်ပေးရကြောင်း ဘူးတစ်ဧက စိုက်ပျိုး ထားပါက ဘူးသီးများအား တစ်ရက်ခြား ခူးဆွတ်ရောင်းချရဖြင့် နေစဉ်ဝင်ငွေ ရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေသောကြောင့် စိုက်သင့်သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း ဘူးစိုက်ပျိုးရောင်းချသူ ကုလကျေးရွာမှ တောင်သူဦးမျိုးမြင့်က ပြောပြသည်။
သက်မောင် (ကျောက်ဆည်)