ဖယ်ခုံ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၌ ကျန်းမာရေး၀န်ထမ်းမိသားစုနှင့် အာယုဒါန သွေးလှူရှင် အသင်းတို့မှ ပူးပေါင်း၍ ၂၁ ကြိမ်ထိ သွေးလှူဒါန်း ခဲ့သော သွေးလှူရှင်အသင်း၀င် တစ်ဦးအား ယနေ့နံနက်ပိုင်း က ကျန်းမာရေး ဆေးကုသစရိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသခဲ့သော သွေးလိုအပ်သည့် လူနာများအား ၂၁ ကြိမ်အထိ သွေးလှူဒါန်းပေးခဲ့သော ဒေါ်ခင်ပြုံးရီ အား ကျန်းမာရေး၀န်ထမ်း မိသားစုများနှင့် အာယုဒါန သွေးလှူရှင် အသင်းတို့မှ ပူးပေါင်း၍ ထောက်ပံ့ငွေကျပ် သုံးသိန်း ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သွေးလှူရှင် အသင်းဥက္ကဋ္ဌ ဦးမျိုးညွှန့်ထံမှ သိရသည်။
ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကျန်းမာရေး ၀န်ထမ်းမိသားစုမှ ဒေါက်တာနှင်းယုလှိုင်၊ အာယုဒါန သွေးလှူရှင် အသင်းမှဥက္ကဋ္ဌ ဦးမျိုးညွှန့်၊ အတွင်း ရေးမှူး ဦးစိုင်းညို၊ ဘဏ္ဍာရေးမှူး ဦးတင့်နိုင်တို့က ဒေါ်ခင်ပြုံးရီ၏ နေအိမ်သို့ သွားရောက် ပေးအပ်ခဲ့ဖြစ်ဖြစ်ကြောင်း သိရသည်။
ဖယ်ခုံမြို့ အာယုဒါနသွေးလှူရှင်အသင်းကို ၂၀၁၁ ခုနှစ်၊ မေလ ၈ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး သွေးလှူဒါန်းမှုအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ၁၆၂ ပုလင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၇၇ ပုလင်း၊ ၂၀၁၄ ခနှစ်တွင် ၂၅၁ ပုလင်း စသည်ဖြင့် သွေလှူရှင်များက လှူဒါန်းခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်တွင် သွေးပုလင်း ၄၀၀ ကျော် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သွေးလှူရှင်အသင်းအတွင်းရေးမှူး ဦးစိုင်းညို ထံမှ သိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)