ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့

ချင်းရွှေဟော် ဒီဇင်ဘာ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသမီး တစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ရာ ၎င်းကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ (၅၅) ဉီးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲနမူနာ Swab များအား ရယူစစ်ဆေးခဲ့ရာတွင် ထိတွေ့ခဲ့သူအားလုံးမှာ ကိုဗစ်-၁၉ရောဂါ ပိုးမတွေ့ ရကြောင်း မန်နေ့နံနက် ၁၀ နာရီအချိန်က သိရသည်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ဓါတ်ခွဲနမူနာ Swab များအား ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့  ဆက်လက်ပို့ဆောင် စစ်ဆေးပေးခဲ့ရာ ထိတွေ့ခဲ့သူအားလုံးတွင် ရောဂါပိုး မတွေ့ရကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့၊ အတွင်းရေးမှူး ဒေါက်တာ သီဟ ထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)