ရွှေကူ ဒီဇင်ဘာ ၁၃
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၃၀)စီးမှ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၅၃)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၂၂ ဘီး (ကုန်မပါ)ယာဉ်မှ ယာဉ်မောင်း စဉ့်ကိုင်မြို့နယ် ကြေးနီကန် ကျေးရွာတွင် နေထိုင်သော အမျိုးသား(၁)ဦးနှင့် ၆ ဘီး ကုန်စုံတင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် ဖြစ်သော ပေါက်မြို့နယ် ခွေးအတွန်းကျေးရွာ၌ နေထိုင်သူ အမျိုးသား(၂)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၃)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်း အိမ်ရာတိုက်ခန်း (ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူ လျက်ရှိကြောင်း၊ ၎င်းပိုးတွေ့လူနာများနှင့်အတူ ဆက်စပ်မှု ရှိသောသူများအား ရွှေကူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင် ထား ရှိကြောင်း သိရသည်။
ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၁၂)ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၃၇)ဦး ရှိပြီ ဖြစ်ကြောင်း၊ (၂၂)ဦးမှာ ကျန်းမာရေး ပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)