ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာ၌ Volunteer အဖြစ် သွားရောက်ကူညီခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ ပင်းတယမြို့သို့ ပြန်လည်ရောက်ရှိ

ပင်းတယ ဒီဇင်ဘာ ၁၃

လက်ရှိဖြစ်ပွါးနေသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာတွင် ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာ၌ Volunteer အဖြစ် သွားရောက် ကူညီခဲ့သည့်  ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် သူနာပြု ဆရာမများ ယမန်နေ့ နံနက်ပိုင်းတွင် ပင်းတယမြို့သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးမှူးနှင့် သူနာပြုဆရာမတို့သည် ၃၀.၁၀.၂၀၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာ၌ Volunteer အဖြစ် သွားရောက်ကူညီခဲ့ပြီး ယမန်နေ့ မွန်းလွှဲပိုင်းတွင် ပင်းတယမြို့သို့ ပြန်လည်ရောက်ရှိလာရာ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ မို့မို့ကြည်၊ လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများတို့က ပန်းစည်းများကမ်း၍ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ယခုပြန်လည်ရောက်ရှိလာသည့် ပင်းတယမြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးမှူး တစ်ဦးနှင့် သူနာပြုဆရာမ နှစ်ဦးတို့အား ပြည်သူ့ ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန တောင်ကြီးမြို့ရှိ ဓါတ်ခွဲစစ်ဆေးမှု အဖြေအရ Negative ဖြစ်သော်လည်း ပို၍စိတ်ချရစေရန်အတွက် Facility Quarantine Centre တွင် ထပ်မံစောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့မှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက်ကူညီသူ ကျန်းမာရေးမှူး တစ်ဦးနှင့် သူနာပြုဆရာမ သုံးဦးရှိပြီး သူနာပြု ဆရာမ တစ်ဦးမှာ ပြည့်သူ့ကျန်းမာရေး ဓါတ်ခွဲမူဆိုင်ရာဌာန တောင်ကြီးမြို့ စစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု ကုသခံယူလျက်ရှိရာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်းလည်း သိရသည်။

ပင်းတယ(ပြန်/ဆက်)