ငါးသိုင်းချောင်း ဒီဇင်ဘာ ၁၃
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်း အလယ်စုကျေးရွာ၌ ယမန်နေ့ ည ၁၀ နာရီအချိန်က ငဝန်မြစ် ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းပါးရှိ နေအိမ်နှစ်လုံးမှ (သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ) နွားတင်းကုပ်(၂)လုံးမြစ်ထဲသို့ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာရှိ ကမ်းပြိုအန္တရာယ်နှင့် နီးစပ်သော သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းနေအိမ်(၃)လုံးနှင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ နေအိမ်(၂)လုံး စုစုပေါင်း နေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၀)ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆောင်သော ရွာသူ၊ရွာသားများ စုပေါင်း၍ ဘေးလွတ်ရာနေရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ နေအိမ်များအချိန်မီ ဖျက်စီးပြောင်းရွှေ့ ပေးခြင်းတို့ ဆက်လက် ဆောင်ရွက်လျက်ရှိရာ လက်ရှိ အခြေအနေတွင် အဆိုပါကမ်းပြိုမှုဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်၊ အသက်အန္တရာယ် ထိခိုက်ပျက်စီးမှု မရှိခဲ့ ကြောင်း၊ နေအိမ်ဖျက်စီး ပြောင်းရွှေ့ မိသားစုဝင်များကို ၎င်းတို့ပိုင်ဆိုင်သည့် ခြံဝန်းအလွတ်ထဲသို့ ပြောင်းရွှေ့နေရာချထားပြီး ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ အထက်ဌာန အဆင့်ဆင့်သို့ သတင်းပေးပို့ခြင်း၊ ကမ်းပြိုအန္တရာယ်ကို အဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)