ကျုံပျော်မြို့ ကလေးစာပေပွဲတော်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဝန်ဆောင်မှုများ ပေးအပ်

ပုသိမ် ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲများအနက် ကျုံပျော်မြို့ ကလေးစာပေပွဲတော်သည် (၁၆)ပွဲမြောက် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြန်မာယူနီကုဒ်စနစ် အခမဲ့ပြောင်းလဲပေးခြင်းကို တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ဆွေမာ ဦးဆောင်၍ ဝန်ထမ်း (၃၀)ဦးတို့က ကလေးစာပေပွဲတော်များ၌ လိုက်ပါဆောင်ရွက်လျက်ရှိရာ ယခုအခါ ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် ကျုံပျော်မြို့ ကလေးစာပေပွဲတော်၌ ပွဲတော်လာပရိသတ်များ၏ မိုဘိုင်းဖုန်းများကို မြန်မာယူနီကုဒ်စနစ် အခမဲ့ ပြောင်းလဲပေးခြင်း အပြင် MPT 4 G Sim card များလဲလှယ်ပေးခြင်း၊ မုန့်များဝေငှခြင်း၊ MPT တံဆိပ်ပါ အမှတ်တရ လက်ဆောင်များ ပေးခြင်းစသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြောင်း၊ မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားဆောင်ရွက်ပေးလျက်ရှိကြောင်း မန်နေဂျာ ဒေါ်ဆွေမာထံမှ သိရှိရသည်။

တိုးဝေဇင်