တောင်ကြီးမြို့မင်္ဂလာဦးရပ်ကွက်တွင် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) ထုတ်ပြန် ထားသော ဧရိယာ အတွင်းရှိပြည်သူ့များအားစားနပ်ရိက္ခာ ပစ္စည်းများထောက်ပံ့

 

တောင်ကြီး  ဒီဇင်ဘာ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်မှ ပံ့ပိုးမတည်ငွေ၊ အများပြည်သူလူထုလှူဒါန်းထည့်ဝင်ငွေများနှင့် ရှမ်းပြည်နယ်စိုးရအဖွဲ့တို့မှ ပူးပေါင်းထောက်ပံ့ ငွေများဖြင့် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်း တောင်ကြီးမြို့မင်္ဂလာဦးရပ်ကွက်အတွင်းရှိ မိမိနေ အိမ်တွင် နေထိုင်ရန် (Stay at Home) ထုတ်ပြန်ထားသော ဧရိယာအတွင်းရှိ ပြည်သူ့များအား စားနပ်ရိက္ခာ ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆားများ ကို မင်္ဂလာဦးရပ်ကွက်ရှိအိမ်ထောင်စု ၃၅၀ ဦးအား ဒီဇင်ဘာလ ၁၃ ရက် နံနက် နာရီ အချိန်တွင် ပြည်သူလူထုများ နေထိုင်ရာအိမ်များ အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တောင်ကြီးမြို့၌ ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ များ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ ဝင်များ၊ ပရိဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့တို့က မင်္ဂလာဦးရပ်ကွက်၊ အိမ်ထောင်စု ၃၅၀ စုကို အိမ်ထောင်စုတစ်စုလျှင် ဆန်သုံးပြည်၊ ဆီ ၂၀ ကျပ်သား၊ ဆား ၄၀ ကျပ်သား၊ လက်သန့်ဆေး ရည်(500ml) တို့အား နေအိမ်အရောက်လိုက်လံ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)