ဘိုကလေး ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ ဘိုကလေးမြို့နယ် ကလေး စာပေပွဲတော်ကို ဇန်နဝါရီ(၂၉)ရက်နေ့မှ(၃၀)ရက်အထိ ကျင်းပမည်ဖြစ်ရာ ပွဲတော်တွင် ကလေး စာပေပွဲတော် Theme Song သီဆိုဖျော်ဖြေနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီတွင် ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre၌ ကြိုတင် သီချင်းတိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
လေ့ကျင့်ရာတွင် ပွဲတော်တွင်သီဆိုဖျော်ဖြေကြမည့် အ.ထ.က(၁)ဘိုကလေးမှ အလယ်တန်း ကျောင်းသား/သူ (၃၀)ဦးနှင့်အတူ (၉)ရပ်ကွက် အ.လ.က(ခွဲ)ကျောင်းမှ လက်စွမ်းပြတီးခတ်မည့် တတိယတန်း ကျောင်းသားလေးနှင့် တီးခတ်သီဆိုလေ့ကျင့် ဆောင်ရွက်ကြကြောင်းနှင့် ကလေးစာပေပွဲတော်(ဘိုကလေး)အား ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းအပါအဝင် ပညာပေးပြခန်းများ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲများ၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အထ များ ရရှိစေရေးအတွက် အသင်းအဖွဲ့လိုက်ကစားရသည့် ကစားနည်းများဖြင့် စည်ကားသိုက်မြိုက် စွာ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)