တောင်ကြီး ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိနယ်မြေနှင့် လမ်းအချို့ကို မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အမိန့်ကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ ထုတ်ပြန်ကြေညာခဲ့ပြီး တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်အတွင်းရှိ ပရဝုဏ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) ညွှန်ကြားချက်အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ အရှေ့ဖက်တွင် မေတ္တာလမ်းနှင့်ယုဇနလမ်းထောင့်မှ မင်္ဂလာလမ်းနှင့် ယုဇနလမ်းထောင့်အထိ၊ မြောက်ဘက်တွင် ယုဇနလမ်းနှင့် မေတ္တာလမ်းထောင့်မှ ဇောတိကလမ်းနှင့် မေတ္တာလမ်းအထိ၊ အနောက်ဘက်တွင် ဇောတိကလမ်းနှင့် မေတ္တာလမ်းထောင့်မှ ဇောတိကလမ်းနှင့် စန္ဒာလမ်းထောင့်၊ သီရိမင်္ဂလာလမ်းနှင့် မင်္ဂလာလမ်းထောင့်မှ မင်္ဂလာလမ်းနှင့် ယုဇနလမ်းထောင့် အထိ၊ မင်္ဂလာလမ်းထောင့်နှင့် ရန်ကြီးအောင်လမ်းထောင့်မှ ဗိုလ်တစ်ထောင်လမ်းနှင့် ရန်ကြီးအောင်လမ်းအတွင်းရှိ နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အမိန့်ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ နယ်မြေနှင့် လမ်းအချို့ကို မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အမိန့်အား တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၆ နာရီမှ ဒီဇင်ဘာလ ၁၃ ရက်၊ ည ၁၂ နာရီထိထုတ်ပြန်ခဲ့ကြောင်း ၊ ယခုအခါ အဆိုပါ ရပ်ကွက်တွင် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အမိန့်အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်းနှင့် အမိန့်အားလိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေး ယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)