ထန်တလန် ဇန်နဝါရီ ၁၂
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ယနေ့ နံနက် ၂ နာရီ အချိန်က အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ပတ်ကွင်းလမ်းရှိ လူနေအိမ် သုံးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ကွင်းပတ်လမ်းနေ ဦးချွန်လျန်၏ နေအိမ်(၂) ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂၀×၁၆×၁၀)ပေ၊ မီးကြွင်းမီးကျန်မှ မီးစလောင်ခဲ့ရာ ဦးရွှေပဲန်း၏ နေအိမ် (၁)ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂၀×၁၆×၁၀)ပေ နေအိမ်နှင့် ဦးငွန်ဘွဲ၏ နေအိမ်(၁)ထပ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း၊ (၂၀×၁၆×၁၀)ပေ တစ်ခြမ်းအား ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဦးချွန်လျန်နှင့် ၎င်း၏မြေးဖြစ်သူ မောင်ကျုံးဟူးလျန်တို့ သေဆုံးပြီး၊ ဒေါ်ဇိန်လှဲန်းနှင့် ဒေါ်ဖမ်မွေဘောရ်တို့မှာ မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) အနည်းငယ်ရရှိခဲ့သည်။ အဆိုပါမီးလောင်မှုတွင် ထရန်စဖော်မာ(၂၀၀) KVA (၁)လုံးနှင့် Panel Box (၁)လုံး၊ လူနေအိမ် သုံးလုံး ဆုံးရှုံးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရွှေကျုံးလျန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် (၃)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂နာရီ ၃၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထန်တလန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)