ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေး

ပျော်ဘွယ် ဇွန် ၁၃

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို ဇွန်လ (၁၃) ရက်၊ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရခြင်း၏ ရည်ရွယ်ချက်များ၊ ရောဂါကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးပြီး ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာနယ်မြေအလိုက် အသက်(၁၈) နှစ်နှင့်အထက် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများ၊ ယခင်ထိုးနှံခဲ့ပြီး (၆) လကျော်လွန်သည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၀) နှစ်အထက်ပြည်သူများ၊ အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်ကာလ (၃) လနှင့်အထက်ရှိသည့် မိခင်လောင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)