လဲချား ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က မြို့မစျေးနှင့် ပျံကျစျေးတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဆွေနှင့် ကော်မတီဝင်များ၊ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အား/ကာ ဦးစီးဌာနတို့ ပူးပေါင်းပါဝင်ပြီး နေအိမ် ပြင်ပ ထွက်ခွာရာတွင် နှာခေါင်းစည်း Mask များ တပ်ဆင်စေရန် အသိပညာပေးခြင်း၊ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရန် ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအား စနစ်တကျ လိုက်နာစေရန် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask (၃၀၀) တို့ကို ပေးဝေခဲ့သည်။
လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုမှ ကာကွယ်ရေးနည်းလမ်း များကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် အသိပညာပေး လုပ်ငန်း ကများကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)