ကျောက်တလုံးကြီးမြို့တွင် ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်နှင့် ကျောင်းဆောင်သစ်လွဲပြောင်းပေးအပ်ပွဲကျင်းပ

ကျောက်တလုံးကြီး ဇန်နဝါရီ ၁၂

၂၀၁၈-၂၀၁၉ ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျောက်တလုံး)၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများကကြိုဆိုပါသည် စုံညီပွဲတော် တေးသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးသည်။

ထို့နောက် အထူးဒေသ(၆)ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(P.N.O) ဒုတိယလူမှုရေးတာဝန်ခံ ဦးခွန်မောင်ဘော်၊ ကျောက်တလုံးကြီးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်း၊ တောင်ကြီးမြို့နယ် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးတင့်လွင်နှင့် ကျောင်းအကျိုးတော်ဆောင်ဦးအောင်တို့က အမှာစကားပြောကြားပြီး၊ ပညာရည်ချွန်ဆုများကို တောင်ကြီးခရိုင်ပညာရေးမှူးဦးစမ်းယုနှင့် တက်ရောက်လာသည့်တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ကြရာ ကဏ္ဍအသီးသီးတို့တွင် ထူးချွန်သော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက လက်ခံရယူကြပြီး အကပဒေသာများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ကြောင်းသိရသည်။

ယင်းနောက် နိုင်ငံတော်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် Steel Structure တစ်ထပ်ကျောင်းဆောင်သစ်ကို တောင်ကြီးမြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းမြင့်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဘနက်၊ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(P.N.O) ဒုတိယလူမှုရေးတာဝန်ခံ ဦးခွန်မောင်ဘော်၊ တောင်ကြီးမြို့နယ်အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးတင့်လွင်နှင့် ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အား အမွှေးနံ့သာရည်များပက်ဖြန်းကာ တစ်ထပ်ကျောင်းဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် Steel Structure တစ်ထပ်ကျောင်းဆောင်သစ်အဆောက်အဦသည် အလျား ၉၀ ပေ၊ အနံ ၃၀ ပေ ဖြစ်ကြောင်းသိရသည်။

ခွန်အာကာ(ကျောက်တလုံး)