မန္တလေး ဒီဇင်ဘာ ၁၄
မန္တလေးစက်မှုဇုန် အတွင်းရှိ A အဆင့်ရရှိကာ လည်ပတ်ခွင့်ပြုထားသော စက်ရုံ၊အလုပ်ရုံများအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းမလိုက်နာပါက ပိတ်သိမ်းသည်အထိအရေးယူ သွားမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ မှ သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ A အဆင့်ရှိ စက်ရုံ၊အလုပ်ရုံများကို လုပ်ငန်းများလည်ပတ်ခွင့်ပြုထားပြီး B အဆင့် ရရှိသော စက်ရုံများကိုလည်း သတ်မှတ်ချက်များနှင့် ကိုက်ညီ စေရေး အတွက် ပြင်ဆင်မှုများလုပ်ဆောင်ရန် မှာကြားထားပြီး အကယ်၍ လိုက်နာမှုမရှိပါက စက်ရုံပိတ်သိမ်းသည်အထိ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးစက်မှုဇုန်အတွင်းမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါတယ်၊ A အဆင့် ရရှိထားပြီး လုပ်ငန်းလည်ပတ်ခွင့်ပြုထားတဲ့ စက်ရုံ၊အလုပ်ရုံတွေရော၊ B အဆင့်ရရှိထားပြီး စက်ရုံ၊ အလုပ်ရုံများအား သတ်မှတ်ချက်များနှင့်အညီ A အဆင့်ရောက်ရှိမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်၊ ဦးစားပေးကဏ္ဍအတွင်းရှိ စားသောက်ကုန်၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်ပစ္စည်းလုပ်ငန်းများအား သတ်မှတ်ချက်များ ကိုက်ညီပါက ဖွင့်လှစ်ခွင့်ပြုထားသလို အခြားကဏ္ဍအတွင်းရှိ လုပ်ငန်းများမှ စက်ရုံ၊အလုပ်ရုံ များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုက်ညီမှုရှိပါက ဖွင့်လှစ်ခွင့်ပြု ထားကြောင်း၊ A အဆင့် ရပေမယ့် အလုပ်သမားများ သွားလာရေးအခက်အခဲကြောင့် ပိတ်ထားတဲ့ စက်ရုံ၊အလုပ်ရုံတွေလည်းရှိတယ်၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦး က ပြောကြားသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ တို့ ပါဝင်ကြောင်း သိရသည်။
မန္တလေးစက်မှုဇုန်အတွင်း၌ စက်ရုံ၊အလုပ်ရုံပေါင်း(၁၂၀၀)ကျော်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ကိုက်ညီမှုရှိ/မရှိ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး A အဆင့် ရရှိသော စက်ရုံအလုပ်ရုံများအား လုပ်ငန်းလည်ပတ်ခွင့်ပြုထားရာ လက်ရှိတွင် A အဆင့် ရရှိသော စက်ရုံ၊အလုပ်ရုံ (၅၀)ရာခိုင်နှုန်းခန့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ မှ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)