ကရသူရိ ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ရာသီပေါ်ကွမ်းသီးများ အထွက်နှုန်းတိုးသော်လည်း ကွမ်းသီးဝယ်ယူသူနည်းပါးနေဖြင့် စျေးကောင်းမရရှိ၍ ခြံပိုင်ရှင်များ စီးပွားအကျပ်အတည်းရင်ဆိုင်နေရကြောင်းသိရသည်။
“ကွမ်းသီးကတော့ ယခုနှစ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် လမ်းတွေပိတ်ထားလို့ လာရောက်ဝယ်ယူ သူတွေမရှိသလောက်ပါဘဲ။ အဲတော့ ဝယ်ယူသူနည်းပါးနေတော့ ကွမ်းသီးစျေး ကမရှိဘူးပေါ့။ ကိုဗစ်-၁၉ရောဂါမဖြစ်ပွားခင်ကဆိုရင် လာရောက် ဝယ်ယူသူတွေများလို့ ကွမ်းသီးမှည့် တစ်လုံးကို(၅၀)ကျပ်ကျော်ထိရရှိပြီး၊ အခြောက်တစ်ပိဿာကို (၆၀၀၀)ကျပ်ထိရရှိတယ်။ စျေးမကောင်းတာကတော့ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါစဖြစ်တည်းကဖြစ်ပြီး ယခုအချိထိ စျေးလုံးဝမရှိသလို ဝယ်ယူသူတွေလည်းမလာရောက် နိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ခြံပိုင် ရှင်တွေ ကွမ်းသီးအခြောက်သိုလှောင်ထားရပြီး စီးပွားရေးကျပ်တည်းနေရတာပေါ့ဟု” ဒေသခံ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးကပြောသည်။
အဆိုပါ ကွမ်းသီးများကို နှစ်စဉ်နှစ်တိုင်း ရာသီပေါ်ပွင့်လင်းရာသီတွင် မြိတ်မြို့နှင့်ထားဝယ် မြို့ရှိ ဒိုင်ကြီးများကစျေးကောင်းပေးပြီး အများဆုံးလာရောက်ဝယ်ယူကြပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ အသွားအလာတားမြစ်ထားသဖြင့် ကွမ်းသီးစျေးနှုန်းကျဆင်းနေသည်မှာ(၂)နှစ် နီးပါးရှိနေပြီး ခြံပိုင်ရှင်များအနေဖြင့် စီးပွားရေးအကျပ်အတည်းရင်ဆိုင် နေရကြောင်းသိရသည်။
စိုးဝင်း(ပြန်/ဆက်)