အမာ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အမာမြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်မှူးရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်သတိပြုဖွယ် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် (၄)ရပ်ကွက်ရှိ လမ်းဆုံနေရာများနှင့် နေအိမ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်အန္တရာယ်သတိပြုဖွယ် လက်ကမ်းစာစောင်တွင် လျှပ်စစ်ဓာတ်လိုက်ခံရလျှင် အသက်ဆုံးရှုံးနိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားကိုမထေမဲ့မြင်မပြုရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းကင်ဓာတ်အား လိုင်းကြိုးများကို သတိပြုရန်၊ ဓာတ်အားလိုင်းကြိုးများပြတ်ကျနေခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးပေါ်သို့သစ်ပင်၊ သစ်ကိုင်းများလှဲကျကျိုးကျနေခြင်းကို သတိပြုရန်၊ အိမ်သို့သွယ်တန်းထားသော ဆားဗစ်ဝါယာကြိုးများ နေအိမ်သွပ်မိုးပေါ်တင်နေခြင်း၊ ထိနေခြင်းကိုသတိပြု၍ လျှပ်စစ်ရုံးသို့ အကြောင်းကြားရန်၊ ဆားဗစ်ကြိုးများ ဆွေးမြေ့ ပေါက်ပြဲနေပါက အမြန်ဆုံးလဲလှယ်ရန်၊ လျှပ်စစ်ဓာတ်အား(၄၀)ဗို့သည် လူကိုသေစေနိုင်သဖြင့် လျှပ်စစ်ပစ္စည်းများကို သတိထားကိုင်တွယ်အသုံးပြုကြရန်၊ ရေစိုလက်၊ ရေစိုဖိနပ်စီး၍ လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်မသုံးရန် စသည့်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များအား ပြည်သူများအသိပညာဗဟုသုတရရှိစေရန် လူစည်ကားရာ နေရာများဖြစ်သည့် လမ်းဆုံနေရာများ၊ ရပ်ကွက်အတွင်းရှိနေအိမ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း အမာမြို့၊ လျှပ်စစ်မှူးရုံးမှ သိရသည်။
နော်လေး(အမာ)