မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ (၁၆)ဦး ဆေးရုံဆင်း၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းသူ စုစုပေါင်း(၃၂၄)ဦးရှိပြီဖြစ်

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ  ၁၄

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ကုတင်(၁ဝဝ)ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံမှ အတည်ပြုပိုးတွေ့လူနာ(၁၆)ဦးသည် ဆေးကုသမှုခံယူပြီး (၁၁)ရက်ပြည့်မြောက်သဖြင့် ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းခွင့်ရရှိသည်။

မြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသည့် အတည်ပြုလူနာ     (၃၉၇ )၊ ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ (၃၂၄)ဦး၊ ကုတင်၁ဝဝဆေးရုံကြီးနှင့် တိုင်းရင်ဆေးရုံ တို့တွင် ဆေးကုသ မှု့ခံယူဆဲ (၇၁)ဦးသာကျန်ရှိပြီး ရောဂါအခံရှိသူနှစ်ဦး သေဆုံးခဲ့သည်။

မြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးဆက်မှုမပြန့်ပွားစေရန်အတွက် ရောဂါအတည်ပြုလူနာများ ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများ ကို လိုအပ်ပါက Stay at Home သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ  ဆောင်ရွက်လျက်ရှိပြီး  မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင်လည်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အပြင်မထွက်ရန်၊ ပြည်သူများ အနေနှင့် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ အပြင်ထွက်က mask တပ်ရန် လူစုလူဝေးရှောင်ရှားရန်တို့အား နေ့စဉ်လှည့်လည် ကြေညာခြင်း၊ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့(၆)ဖွဲ့ခွဲ၍ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီများ၊ မြို့မိ၊ မြို့ဖများ၊ အခြားလူမှုရေး အသင်း အဖွဲ့များမှလည်း အရေးပေါ်ကိစ္စရပ်များရှိပါက zoom application ဖြင့် online အစည်းအဝေးချက်ချင်း ပြုလုပ်ဆောင်ရွက်ခြင်း၊ အပတ်စဉ် အစည်းအဝေးများ ဆောင်ရွက်ခြင်းဖြင့် မြို့နယ်တွင် ရောဂါပိုးကူးစက်ပျံ့နှံ့မှု လျော့ချစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီတာအောင်(ပြန်/ဆက်)