မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အဖွဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

အောင်မြေသာစံ ဇွန် ၁၆

မန္တလးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် Grade-12 စာမေးပွဲစာစစ်ဌာနများဖြစ်ကြသည့် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အ.ထ.က (၈) သို့လည်းကောင်း၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်ရှိ အ.ထ.က (၄) နှင့် အ.ထ.က(၁)သို့လည်းကောင်း၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ အ.ထ.က (၉) သို့လည်းကောင်း သွားရောက်ပြီး ကျောင်းသား/ကျောင်းသူများ အေချမ်းစွာစာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုစစ်ဆေးရာ ခရိုင်ပညာရေးမှူး ဦးသိန်းဒန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးနှင့် ကြီးကြပ်ရေးမှူးများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ အန္တရာယ်ကင်းရှင်းရေးတို့ကို ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)