ကျောက်ဆည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကျောက်ဆည်၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့ရှောင်လမ်းဆုံတွင် ကျောက်ဆည်ခရိုင် အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကောင်းမြတ်သူ ဦးဆောင်ကာ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း၊လမ်းစည်ကမ်းအန္တရာယ်အသိပညာ ပေးခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်းများကို ယနေ့နံနက်၁၀နာရီက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် မော်တော်ဆိုင်ကယ်စီးနင်းသူများ နေ့အခါဆိုင်ကယ်များစီးနင်းရာတွင် ဆိုင်ကယ်ရှေ့ ရှိအောက် မီးများ ဖွင့်ပြီးမောင်းနင်ကြရေး၊ အရည်အသွေးကောင်းမွန်သော ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ ဆောင်းစေရေး၊ မော်တော်ယာဉ်မောင်းနင်းသူများအနေဖြင့် ထိုင်ခုံခါးပတ်များပတ်ပြီးမှသာ ယာဉ်များ မောင်းနင်ကြရေး၊ သတ်မှတ်မိုင်နှုန်း၊ သတ်မှတ်ကုန်များ တင်ဆောင်မောင်းနင်ကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၀ပြည့်နှစ်အတွင်း ယာဉ်တိုက်မှုပေါင်း(၃၁)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၁) ဦး၊ ဒဏ်ရာရရှိသူ(၃၀)ဦးရှိရာ သေဆုံးသူအများစုမှာ ဆိုင်ကယ်မောင်းနင်ရာတွင် ဦးထုပ်စနစ်တကျ မဆောင်းခြင်း၊ ပေါ့လျော့စွာဆိုင်ကယ်များမောင်းနင်ခြင်းကြောင့် သေဆုံးမှုများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဆိုင်းကယ်များစီးနင်းရာတွင်လူဦးရေး(၃)ယောက်မောင်းနင်းခြင်းမပြုလုပ်ကြရန်၊ ဆိုင်ကယ် နံပတ်ပြား များတပ်ဆင်၍ မောင်းနင်ကြရန်အသိပညာပေးခြင်းများဆောင်ရွက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေး နှာခေါင်းစည်းများကိုလည်းအခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း ကျောက်ဆည်ခရိုင်အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ကောင်းမြတ်သူက ပြောပြ၍ သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)