မိုင်းပန် ဒီဇင်ဘာလ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ အနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်နိုင်ရေး Campaignအား ယနေ့ နံနက်(၇)နာရီအချိန်မှစတင် ဆောင်ရွက်ခဲ့ ကြောင်း သိရှိသည်။
မိုင်းပန်မြို့နယ်သည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်ပြည်ထောင်စုလမ်းမပေါ်တွင်တည်ရှိပြီး ရှမ်းပြည် နယ် (တောင်ပိုင်း) အစွန်းဆုံးဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ကုန်စည်စီးဆင်းရာတွင် လမ်းပန်း ဆက်သွယ် မှုများ လျက်ရှိပါသည်။ နေ့စဉ်နှင့် အမျှ ကုန်သည်ယာဉ်များ၊ ခရီးသွားပြည်သူများ သွားရောက် ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့ဝင်နှင့် တာဆန်းကျေးရွာ ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ထားရှိပြီး နောက် ဒေသတွင်း ကူးစက်မှု မခံရစေရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်နိုင်ရေး မြို့နယ် အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဆွေ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများမှ မိုင်းပန်-ကျိုင်းတောင်းလမ်း၊ မြို့ပတ်လမ်း၊ မြို့မဈေး တို့၌ Campaign ဆောင်ရွက်ခဲ့ပါသည်။ မိုင်းပန်မြို့နယ်အနေဖြင့် ယနေ့အချိန်ထိ ရန်ကုန်တိုင်း ဒေသကြီးပြန် အမျိုးသမီး(၁)ဦးသာ ကိုဗစ်-၁၉ရောဂါ ကူးစက် ခံခဲ့ပြီး ကျန်းမာရေးပြန် လည်ကောင်းမွန် လျက်ရှိကာ Home Quarantineဝင်ရောက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
အိရွှေစင်လတ်