ချင်းရွှေဟော်မြို့၌ နေရပ်ပြန်ပြည်သူတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

 

ချင်းရွှေဟော်    ဒီဇင်ဘာ   ၁၄

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့်  မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၆)ဦးတွင် အသက်(၂၂) နှစ် အရွယ်၊ အမျိုးသားတစ်ဦး ထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ခဲ့ကြောင်း  ယနေ့နံနက် (၇)နာရီအချိန်က သိရသည်။

အဆိုပါ ပိုးတွေ့လူနာ နေရပ်ပြန်ပြည်သူ အမျိုးသားသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှ ဖြစ်ပြီး ၎င်းပါဝင်သည့် နေရပ်ပြန်ပြည်သူ (၂၆)ဦးအား ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် အသွား အလာကန့်သတ်စောင့်ကြပ်ထားရှိ၍ ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အား ရယူ ကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲ စစ်ဆေး နိုင်ရန် မူဆယ်မြို့၊ပြည်သူ့ ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပေးပို့ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတစ်ဦး ရှိကြောင်းနှင့် ကျန်ရှိသူ(၂၅)ဦးမှာ ပိုးမတွေ့ရကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ထံမှသိရသည်။

၎င်း ပိုးတွေ့ရှိလူနာ နေရပ်ပြန်ပြည်သူအမျိုးသားအား ချင်းရွှေဟော်မြို့ ၊အမှတ်(၁)ရပ်ကွက်၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ထားရှိသည့်နေရာမှ  ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၊ သီးသန့် ကုသဆောင်သို့ ပြောင်းရွှေ့ပို့ဆောင်ထားကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)