ဘားအံမြို့၌ စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်

ဘားအံ ဇွန် ၁၈

စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်သရုပ်ပြသခြင်းကို ကရင်ပြည်နယ်၊ ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့မွန်းလွဲ(၂)နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ဆန်းက ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ရန် အန္တရာယ်ကင်းသော စွန့်ပစ်မှုဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သော အရာများကို ခွဲထုတ်နိုင်ခြင်း၊ သဘာဝအရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ခြင်း၊ စွန့်ပစ်ပမာဏ လျှော့ချနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ကျစေနိုင်ခြင်း၊ ကျန်းမာရေးအန္တရာယ်ကိုလျှော့ချပေးခြင်း၊ အမှိုက်စိုများမှ သဘာဝမြေဆွေးပြုလုပ်နိုင်ခြင်း၊ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို အခြားအသုံးဝင်သော ပစ္စည်းများအဖြစ် ပြန်လည်ပြုပြင် ထုတ်လုပ် သုံးစွဲခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြစွန့်ပစ်စေခဲ့ကြောင်း သိရသည်။

အဆိုပါ စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)