ချမ်းအေးသာစံ ဇွန် ၁၉
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ပြန်လည်ကျင်းပ စစ်ဆေးခြင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း သတ်မှတ်စာစစ်ဌာန ၁၀၁ ခုတွင် ဇွန်လ(၁၈)ရက်နေ့ သင်္ချာဘာသာရပ်၌ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ၃၃၇၆၃ ဦး (ဖြေဆိုသည့် ရာခိုင်နှုန်း ၉၈.၆၀ ရာခိုင်နှုန်း)ရှိခဲ့သည်။
ဇွန်လ(၁၈)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ရှိ အခြေခံပညာထက်တန်းကျောင်း(ပင်မ)နှင့် အခြေခံပညာအထက်တန်း ကျောင်း(တိုးချဲ့) စာစစ်ဌာနများသို့လည်းကောင်း၊ ညောင်ဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(တောင်ဇင်း)၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ) စာစစ်ဌာနများသို့လည်းကောင်း သွားရောက်၍စာဖြေခန်းများတွင် ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်း မြေ့စွာဖြင့် ဖြေဆိုနေမှုများနှင့် အခြေခံပညာအထက်တန်းကျောင်း(ပုဂံ) စာစစ်ဌာနတွင်ကျန်းမာရေးဆေးပေးခန်း၌ စာမေးပွဲဖြေဆိုနေစဉ် ကျောင်းသူတစ်ဦး သွေးအားနည်းမူးမော်မှုကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်