မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညို၊ ပြုပြင်မွမ်းမံထိန်းသိမ်းမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ညောင်ဦးခရိုင်၊ ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့သွားရောက်ဖူးမြော်ရာတွင် အာနန္ဒာဂူဘုရားကြီး၊ ထီလိုမင်းလိုဂူဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်သို့ သွားရောက် ဖူးမြှော်ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့သည်။ အဆိုပါဘုရားများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက အာနန္ဒာဂူဘုရားကြီးစောင်းတန်း (၃) သွယ်ရှိ ရွှေဇဝါယွန်းများ ရွှေမိုက်ထုတ်ခြင်း၊ Easy Gold ဖြင့် ရွှေချလုပ်ငန်းဆောင်ရွက်မည့်အစီအမံများ၊ ထီလိုမင်းလိုဂူဘုရားရင်ပြင် သဲကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရွှေစည်းခုံစေတီတော်ကြီးတွင် ကဏ္ဍအလိုက် ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်နေသည့် ပုဂံရှေးဟောင်းအမွေအနှစ် ဒေသအတွင်း ရေကြီးရေဝပ်မှု ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီး ရေလာကောင်းမွန်စေရန်အတွက် ရှေးဟောင်းရေကန်များနှင့် ရှေးခေတ်ရေအသုံးချမှုစနစ် ပြန်လည်ဖော်ထုတ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ သရပါတံတားအောက်ရှိ ရေနုတ်အဆောက်အအုံး အားတိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုက်လံကြည့်ရှုခဲ့သည်။

၄င်းနောက် ညောင်ဦးမြို့နယ်  စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ညောင်ဦးမြို့မှ ပုဂံမြို့သွား အနော်ရထာနှစ်လမ်းသွားလမ်းမကြီးပေါ် မိုးရွာသွန်းမှုများချိန်၌ ရေကြီးရေဝပ်ခြင်းများ မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်၊ ယာဉ်ဖြတ်သန်းသွားလာမှု ချောမွေ့စေရန် Box Culvert နှစ်စင်း ဆောင် ရွက်နေမှုလုပ်ငန်းများကိုလည်းကောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေအတွင်း ရေလမ်းကြောင်း အမှတ်(၂) ပြုပြင်တူးဖော်ခြင်း၊ ရေကျော်များပြုပြင်တည်ဆောက်ခြင်းနှင့် လိုအပ်သော မြေထိန်းနံရံများ တည်ဆောက်ခြင်းလုပ်ငန်းများ ကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံဦးစီးဌာန၊ အဆောက်အအုံအထူးအဖွဲ့ (၇) က တာဝန်ယူတည်ဆောက်နေသော ဘက်စုံသုံးမြို့နယ် ခန်းမအဆောက်အအုံ အသစ်တည်ဆောက်နေမှုနှင့်လုပ်ငန်းပြီးစီးမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။

ဒီပါလင်း