ဒေးဒရဲ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော ညွန်ကြားချက်များကို ရှင်းလင်းပြောကြား၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့်ကိစ္စအပေါ် ရပ်ကွက်/ကျေးရွာအုပ်စုများမှ နောက်တိုးတင်ပြလာသော စာရင်းများအား စိစစ်တင်ပြနိုင်ရေး၊ စက်ရုံများ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ထားရှိမှုအပေါ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စိစစ်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းနှင့် ဦးသန်းလွင်၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးမြင့်ဉီးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)