မိုးကုတ်-မိုးမိတ်သွား ကားလမ်းမပေါ်တွင် လိုင်စင်မဲ့ယာဉ် (၂)စီး ဖမ်းဆီးရမိ

မိုးကုတ် ဒီဇင်ဘာ ၁၄

မိုးကုတ်မြို့တွင် ဒီဇင်ဘာ၁၃ရက်နေ့က ခရိုင်ရဲမှူး ဒုရဲမှူးကြီးခင်ဇော်မြင့်၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် မြို့နယ်ရဲမှူး၊ ဒုရဲမှူးနှင့်ဒုရဲအုပ်များ၊ အမှတ်(၉၄) ယာဉ်ထိန်းတပ်ဖွဲ့နှင့် ရပ်ကွက် ရာအိမ်မှူး များပူးပေါင်း၍ ရှောလီဝိုင်းအုပ်စု၊ ရွှေဘုံသာရပ်ရှိ မိုးကုတ်-မိုးမိတ်သွား ကားလမ်းမပေါ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ အသိပညာပေးခြင်းနှင့် စည်းကမ်းနှင့်အညီ မောင်းနှင် သွားလာခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်နေစဉ် ယာဉ်မောင်း ဦးကိုကိုဦး မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 9F/----၊ MARK II အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ လိုင်စင်မဲ့ယာဉ် ဖြစ်နေကြောင်း စစ်ဆေး တွေ့ရှိရသည်။ ဆက်လက်၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယာဉ်မောင်း ကိုမျိုးအောင်အောင်ဦး မောင်းနှင်လာသည့် ယာဉ်အမှတ် 7F/----၊ HONDA အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ တွင်လည်း လိုင်စင်မဲ့ယာဉ်ဖြစ်နေသောကြောင့် အဆိုပါယာဉ်များကို မောင်းနှင်လာသူများအား ဥပဒေအရ အရေးယူနိုင်ရေး တရားစွဲဆို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)